Tuesday 2 August 2011

ဒိုင်အာခီနှင့် ဘားနတ်ဟောက်တန်

မစ္စတာဘားနတ်ဟောက်တန်က ဒိုင်အာခီကို လက်ခံထိုက်ကြောင်းအကြံပေးခဲ့လေပြီဟု ဒါယကာ၊ ဒါယိကာမတို့နား၌ များစွာကြားကြရပေလိမ့်မည်။ 

ထိုသို့သောသတင်းစကားကို နားတွင်ကြားအောင် ပြောဆိုသူတို့သည် မစ္စတာဘားနတ်ဟောက်တန်အကြောင်းကို ကောင်းကောင်းသိကြဟန်မတူပေ။

ဘားနတ်ဟောက်တန်သည် ရက်သတ္တအပတ်တိုင်း နယူးဘားမား သတင်းစာထဲတွင် ဒိုင်အာခီကို ငြင်းပယ်ရန် ရေးသား၍ အကြံပေးလျက် ချည်းသာတည်း။

၁၉၂၁ -ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၀ -ရက်နေ့ နယူးဘားမား သတင်းစာစာမျက်နှာ- ၇ တွင်ဘားနတ်ဟောက်တန်က ဤသို့ရေးသားခဲ့သည်။

သင်တို့ ကိုစော်ကားခဲ့ပြီ

“အဘယ်ကြောင့် သင်တို့သည် ယခုကာလပေါက်ဖွားသော သူငယ်တို့အား ထိုသူတို့ရထိုက်သော လွတ်လပ်ရေးကို ပေးရနိုင်အောင် ကြံဆောင်ခွင့်ကို နှောင့်နှေးဖင့်နွဲ၍နေကြဘိသနည်း။ 

အဘယ့်ကြောင်ထိုသူငယ်တို့၏စိတ်၊ ဥာဏ်၊ အကြံကွန့်မြူးအပ်သော လွတ်လပ်ခြင်းဘဝကိုမရအောင် ပိတ်ပင်ကြဘိသနည်း။ 

အဘယ့်ကြောင့် ယခုချက်ချင်း မိမိတို့ ရထိုက်သော မပေးဘဲမနေနိုင်သော ကမ္ဘာ၏ အမွေအနှစ်ဖြစ်သော လွတ်လပ်ခြင်းအရေးကို ချက်ချင်းမနှောင်း မတောင်းဆိုကြဘိသနည်း။ 

ပရိယာယ်ဖြင့်ဆင်တူရိုးမှား လည့်စားဖြားယောင်း၍ (အဆာပြေဟန်ဆောင် အစာအဟာရသဖွယ်) ပေးသောဒိုင်အာခီ အုပ်ချုပ်ရေးကို ရဲရဲစွန့် ပစ် ငြင်းပယ်ကြဘိလော။

မြန်မာအမျိုးသားတို့နှင့်၎င်း၊ သင့်လျော်ထိုင်တန်လှသော ဟုမ္မရူးအစစ်ကိုသာ ယူမည်ု အကြပ်အတည်း တောင်းဆိုကြပါဘိလော။
” ဤသို့ရေးသားတိုက်တွန်း၏။ 

၎င်းနောက်ထိုသတင်းစာ ဖေဖေါ်ဝါရီလ ၂၇-ရက်နေ့၊ စာမျက်နှာ- ၈ တွင်စာခေါင်းကြီးပိုင်း၌ ဆိုထားဖော်ပြသည်ကား-
“ဒိုင်အာခီသည် အမိမြန်မာပြည်ကြီး၏ ရင်ဝ၌စိုက်ထိုးသောဓားမြှောင်ပင်လျှင်ဖြစ်ကြောင်း။ 

သို့ဖြစ်ခြင်းကြောင့် အစိုးရ၏ မြန်မာတိုင်းအကျိုးသတင်းစာနှင့် သူရိယသတင်းစာတို့သာလျှင် ဒိုင်အာခီဘက်က ပြောဆိုချီးပရေးသားကြသည်ဖြစ်သောကြောင့် အခြားအမျိုးသား သတင်းစာတို့က လုံးလုံးစစ်စစ်ဖြစ်သော ဟုမ္မရူးကိုသာ လိုလားရေးသားကြသည်။ 

ဒိုင်အာခီပေးခြင်းသည် မြန်မာအမျိုးသားတို့၏ စွမ်းရည်သတ္တိကို စော်ကားရန်စရာကျကြောင်း။ 

ထိုင်ဒိုင်အာခီကို ပေးခြင်း မိမိတို့ပြည်ကို မိမိတို့ကိုယ်ပိုင်တာဝန်ခံအုပ်ချုပ်နိုင်သော စွမ်းရည်ဗျတ္တိမရှိသေးဟု ဆိုရာရောက်ကြောင်း။

ထိုသို့သော ဆင်ခြေနားသွင်းစကားမျိုးနှင့် အစိုးရပေးအံ့သော လာဘ်လာဘတို့ဖြင့် ဒိုင်အာခီလိုလားသော လူအများတို့ကို ကျုံးသွင်းလေသည်။

ဒိုင်အာခီသမားတို့ကလည်း ဟုမ္မရူးရနိုင်ရန် ဒိုင်အာခီ စခန်းလမ်းပေါက်က သွားခြင်းသည် ဘေးရန်ကင်းရှင်း၍ ခရီးသွားရန် အလုံခြုံဆုံး အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်ဟု ပြောဆိုချီးကျူးကြ၍ ဒိုင်အာခီကိုလက်မခံဘဲ ပယ်ရှားငြင်းဆန်ကြမည်ဆိုသော် မြန်မာတို့သည်ရှေ့သိုပတိုးတက်နိုင်ခြင်းမရှိဘဲ နောက်ဆုတ်တုံ့ပြန်ကြလိမ့်မည်ဖြစ်ကြောင်းကို ဆိုကြသည်။

ယင်းသို့ ဆိုကြခြင်းသည်ကားကျွန်စိတ်ပေါက်ကြသောသူတို့၏ စိတ်နေသဘောထားကို လူအများသိသာထင်ရှားရုံမျှပင်လျှင်ဖြစ်ကြောင်း။

ဒိုင်အာခီသမားတို့သည် ဒိုင်အာခီအုပ်စိုးနည်းကို ပေးခြင်းအားဖြင့်မြန်မာလူမျိုးတို့ကို အလွန်မွန်မြတ်သော ဆုကြီးပေးသည်ဟုပင် ထင်ကောင်းထင်ကြပေလိမ့်မည်။

သို့ရာတွင် ထိုဒိုင်အာခီသမားတို့သည် မြန်မာပြည်ကြီး၏ လွတ်ငြိမ်းချမ်းသာရေးသည် မြန်မာတို့၏ လက်၌ပင် တည်ရှိကြောင်း။ 

ထိုလွတ်ငြိမ်းချမ်းသာရေးကို ကြိုးပမ်းတကုတ် အထူးလုံ့လထုတ်၍ မဆောင်ရွက်က မုချရနိုင်မည်မဟုတ်ကြောင်း” နှင့် အတိအလင်း ဖွင့်ဆိုရေးသားဖော်ပြလေသည်။ ထိုနယူးဘားမားသတင်းစာဖေဖေါ်ဝါရီလ ၃-၇က်နေ့၊ စာမျက်နှာ နံပါတ် (၉)တွင်……..

လွတ်လပ်ကွန့်မြူးစွာ နေကြအံ့လော

“မြန်မာပြည်ကြီးမှာလည်း ကောင်းဆိုးကိစ္စဖြစ်ပျက်ရဖို့ အခိုက်ကြုံလာခဲ့လေပြီ။

ဗြူရိုကရက်တို့၏ ခေတ်ပင်ဖြစ်အံ့လော၊ အမျိုးသားတို့၏ ခေတ်ပင်ဖြစ်အံ့လော လွတ်လပ်ကွန့်မြူးစွာပင် နေကြအံ့လော၊ အိန္ဒိယအတွက်မှာမူကား ဒိုင်အာခီအနိစ္စရောက်၍ အသက်ပျော်ခဲ့လေပြီ။

မြန်မာပြည်ကြီးကလည်း ဒိုင်အာခီ ထိုသို့အသက်ပျောက်အောင် ပြုလုပ်ကြဘိလော။ ထိုဒိုင်အာခီ အစိုးရက အငွေ့ဖြင့်မှိုင်းတိုက်သော အဆိပ်၏သဏ္ဍာန်ဖြစ်သော ကျွန်၏ဘဝ၌ နေလိုသောသူတို့၏ ဇာတိအမွေကို ရရိုအောင် တောင်းဆိုကြဘိလော။

“ဒိုင်အာခီကိုမလို၊ ဟုမ္မရုးသာလိုသည်။ 
ဒိုင်အာခီကိုမယူ၊ ဟုမ္မရူးစစ်စစ်မှယူမည်။ ဤသို့သာလျှင် ပန်းမုံးတိုင်ရှိ၏။ 

ထိုသို့အောင်ပန်းဆု ရရှိရန်မြန်မာတို့မျက်နှာမူ၍ ကြိုးစားကြရမည်။

အစည်းအလုံးဖြစ်အောင် ကြိုးစားကြလော့။
တညီတညွတ်တည်း ရှေ့တူရှူကိုလှမ်းချီ၍ တက်ကြဘိလော။ 
အင်အားပြည့်ဝသူရသတ္တိရှိသော လူပေါင်း ၁၀-သန်းတို့သည် မိမိတို့တောင်းဆိုချက်သည် တရားဓမ္မသဘာဝနှင့် ညီလှသည်ဖြစ်သောကြောင့် မည်သူမျှ နှောင့်ယှက်တားဆီနိုင်မည် မဟုတ်ချေ။”
ဟု ဤသို့ဆိုပြန်သေး၏။

ဟုမ္မရူးစစ်စစ် လက်ခံကြ

ဖေဖေါ်ဝါရီလ ၂-ရက် ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီး ကြောင်းနှင့်ပတ်သတ်၍ ၎င်းသတင်းစာကပင် “အရိပ်အရောင်မျှသာ ဖြစ်သော ဒိုင်အာခီလာရောက်သည်ရှိသော် မပြတ်မလပ် မနေမနား တိုက်ခိုက်လုပ်ကြံကြရမည် ဖြစ်ချေသည်။

ထိုင်သို့တိုက်ခိုက်ရမည် ဖြစ်သောကြောင့် ဟုမ္မရူးတည်းဟူသော ချမ်းသာရေးသည် တဖြည်းဖြည်းနောက်သို့ ဆုတ်ခွာသွား၍ နောက်ဆုံးအချိန်တွင် ထိုဟုမ္မရူးပန်းတိုင်သည် လုံးလုံးပျော်ကွယ်မျက်ခြေပြတ်သွားပေလိမ့်မည်။ 

မည်သို့ အုပ်စိုးနည်းကိုပင် ပေးခဲ့လေစေ မြန်မာတို့သည် ဟုမ္မရူးစစ်စစ်ကလွဲလျှင် ငြင်းပယ်စွာ စွန့်ပစ်ရုံသာရှိလေတော့သည်။”